Thursday, June 6, 2013

သာပိုနှစ်သက်

ဟဇရသ် အာအေရှဟ်(ရဒွိယလ်လာဟုအန်ဟာ) က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွ) သည် ဖဂျရ်၏ စွန္နသ်(၂)ရကအသ်နှင့် ပတ်သက်၍ ငါကိုယ်တော်သည် ဤ(၂)ရကအသ်ကို ဒွန္နယာတစ်လောကလုံးထက်သာပို၍ နှစ်သက်တော်မူသည်ဟု အမိန့်ရှိတော်မူခဲ့သည်။ (မွတ်စ်လင်မ်)

Wednesday, May 29, 2013

ဟဒီးစ်တော် တစ်ရပ်လာရှိတော်မူသည်......................

အသင်တို့အလျင် ခေတ်တစ်ခု၌ လူပုဂ္ဂိုလ်သုံးဦးရှိခဲ့သည်။ ၎င်းတို့သုံးဦးသား အတူတကွ ခရီးထွက်ခဲ့ကြသည်။ (ဤသို့သွားရင်း ညရောက်လာသောအခါ) စခန်းကျ တည်းခိုရန်အတွက် ဂူတစ်ဂူထဲသို့ ၀င်ရောက်ခဲ့ကြသည်။ ထိုအခိုက်တွင် တောင်ပေါ်မှ ကျောက်ဖျာကြီးတစ်ခု လျောကျလာပြီး ဂူဝအား ပိတ်ဆို့သွားခဲ့လေသည်။ ဤအခြေအနေကို ကြည့်ပြီး ၎င်းတို့သုံးဦးသည် ဤကျောက်ဖျာကြီး ပိတ်ဆို့ခံနေရမှုမှ လွတ်မြောက်ရန်အတွက် မိမိတို့ အသီးသီး ပြုခဲ့ကြသော ကောင်းမှုများကို အကြောင်းပြု၍ အလ္လာဟ်အရှင်မြတ်ထံ ဒိုအာ (ဆုမွန်) တောင်းကြရန် တိုင်ပင်ကြပြီးနောက် မိမိတို့ပြုခဲ့ကြသော ကောင်းမှုများကို တင်ပြတိုင်တည်၍ ဆုမွန်တောင်းခံကြလေတော့သည်။ ◘ ၎င်းတို့အထဲမှ တစ်ဦးသည်... (အိုအလ္လာဟ်) (အရှင်မြတ်သိတော်မူပါသည်။) ကျွန်တော်မျိုး၏ မိဘနှစ်ပါးသည် အသက်အရွယ် အိုမင်းရင့်ရော်နေပါသည်။ ကျွန်တော်မျိုးသည် မည်သည့်အခါမျှ ဤမိဘနှစ်ဦးထက်ဦး၍ မိမိ မိသားစုနှင့် အစေများကို ခြံမှထွက်သည့် နို့များကို မတိုက်ခဲ့ပါ။ တစ်နေ့တွင် ကျွန်တော်မျိုးသည် ပစ္စည်းတစ်ခုကို ရှာဖွေရင်း အဝေးသို့ ထွက်သွားခဲ့ရပါသည်။ ကျွန်တော်မျိုး အိမ်ပြန်ရောက်လာသောအခါ မိဘနှစ်ပါးစလုံးမှာ အိပ်ပျော်နေကြပြီဖြစ်ပါသည်။ ဤသည်ကို မသိရှိဘဲ ကျွန်တော်မျိုးသည် မိဘနှစ်ပါး သောက်သုံးရန် နို့များညှစ်၍ ယူလာမိသောအခါ မိဘတို့မှာ အိပ်မောကျနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ကျွန်တော်မျိုးကလည်း မိဘတို့အား မနှိုးရက်သည်သာမက မိဘတို့မသောက်သုံးမီအလျင် မိသားစုနှင့် အစေခံများကို တိုက်ရန်လည်း ဆန္ဒမရှိခြင်းကြောင့် ကျွန်တော်မျိုးသည် ဤနို့ခွက်ကိုကိုင်ကာ မိဘတို့၏ ခေါင်းရင်းဘက်တွင်ရပ်ပြီး မိဘနှစ်ပါး နိုးထမည့် အချိန်ထိ စောင့်ဆိုင်းခဲ့ရာ နံနက် မိုးလင်းသည့်အခါမှသာ မိဘနှစ်ပါး နိုးထလာခဲ့ကြပါသည်။ ထိုအခါမှ ညကမသောက်ရသေးဘဲ ရှိနေသောနို့များကို မိမိ၏မိဘနှစ်ပါးအား တိုက်ကျွေးခဲ့ပါသည်။ “အိုအရှင်မြတ် ကျွန်တော်မျိုးသည် ဤအချင်းအရာအား အရှင်မြတ် ကျေနှပ်နှစ်သက်စေရန်အတွက်သာ ရည်စူး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ရပါသည်။ ဤသစ္စာစကား မှန်ကန်ပါက ကျွန်တော်မျိုးတို့အား ဤကျောက်ဖျာ ပိတ်ဆို့ခံရမှုကြောင့် ခံစားနေရသောဒုက္ခမှ လွတ်မြောက်ခွင့် ချီးမြှင့်တော်မူပါ”ဟု တိုင်တည် ဒိုအာ ဆုမွန် ပြုလေသည်။ ဤဆုမွန်ကြောင့် ကျောက်ဖျာကြီးသည် အနည်းငယ် ပွင့်ဟသွားခဲ့သော်လည်း အပြင်သို့ ထွက်နိုင်လောက်သည်အထိတော့ ပွင့်မလာခဲ့ပေ။ ◘ ဒုတိယ ပုဂ္ဂိုလ်ကလည်း... အိုအရှင်မြတ် ကျွန်တော်မျိုးသည် ဦးလေး၏သမီး (တစ်ဝမ်းကွဲညီမ)အား လွန်စွာ ချစ်မြတ်နိုးခဲ့မိပါသည်။ (တစ်ကြိမ်တစ်ခါ၌) ကျွန်တော်မျိုးသည် မိမိ၏ကိလေသာဆန္ဒအား ဖြည့်ဆည်းရန်အတွက် ဆန္ဒစိတ် ပြင်းပြခဲ့သော်လည်း သူမသည် အခွင့်အရေးမပေးခဲ့ပါ။ သို့ရာတွင် တစ်ကြိမ်သောအခါ၌ မိုးခေါင်ရေရှား ကပ်ဆိုက် ရောက်လာလေရာ သူမသည် စီးပွားရေး မပြေလည်မှုကြောင့် ကျွန်တော်မျိုးထံသို့ အကူညီတောင်းရန် အခြေအနေသို့ ဆိုက်ရောက်လာ လေတော့သည်။ ကျွန်တော်မျိုးကလည်း သူမအား ရွှေဒဂါး(၁၂၀)ပေးရန်အတွက် အဖော်မပါဘဲ တစ်ဦးတည်းလာရန် ပြောလိုက်မိပါသည်။ ကျွန်တော်မျိုး မျှော်လင့်စောင့်စားခဲ့သော အခွင့်အရေးမှာ ဆိုက်ရောက်လာခဲ့ပြီဖြစ်၍ သူမသည် ကျွန်တော်မျိုး၏ လက်ခုပ်ထဲ၌ ကျွန်တော်မျိုးပြုသမျှ နုရတော့မည်အခြေအနေ ဖြစ်လာခဲ့ရပါသည်။ ကျွန်တော်မျိုးသည် မိမိစိတ်ဆန္ဒအား ဖြည့်ဆည်းရန် ပြင်ဆင်လိုက်စဉ် သူမက အသင်သည် ကျမ၏ အပျိုရည်ကို မတရား မသမာသောနည်းလမ်းဖြင့် ချေဖျက်ပစ်ရန် မလုပ်ဆောင်သင့်ပါ။ အသင့်အတွက် ဟလာလ် (တရားတော်၏ ခွင့်ပြုချက်) မဟုတ်ဟု ပြောပြလိုပါသည်။ သာသနာတော်က တားမြစ်ထားသည့် ကာမေသုမိစ္ဆာစာရကံအား မည်သည့်အခြေအနေပင်ဖြစ်နေဖြစ်နေ ကျူးလွန်သူကို အလ္လာဟ်အရှင်မြတ်က လွန်စွာ မုန်းတီးတော်မူပြီး အမျက်တော် စူးခြပါလိမ့်မည်ဟု သူမက ပြောဆိုခဲ့ပါသည်။ (ဤစကားကိုကြားပြီး) ကျွန်တော်မျိုးသည် (စိတ်ကောင်းသတိပြန်ဝင်လာပြီး) သူမအနီးမှ ခွဲခွာလိုက်သည်သာမက ရွှေဒင်္ဂါးများကိုလည်း အပြီးအပိုင် ပေးလိုက်ပြီး ပြန်၍ မတောင်းယူတော့ဘဲ သူမအား လွတ်မြောက်ခွင့် ပေးလိုက်ပါသည်။ “အိုအရှင်မြတ် ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ် ကျေနှပ်နှစ်သက်စေရန်အတွက် မကောင်းမှုအား စွန့်လွှတ်ခဲ့ရခြင်းဖြစ်ပါသည်။ ဤသစ္စာစကား မှန်ကန်ပါမူ ကျွန်တော်မျိုးတို့အား ခံစားနေရသည့်ဒုက္ခဘေးမှ လွတ်မြောက်မှု ပြုပေးတော်မူပါ”ဟု ဒိုအာ ဆုမွန် ပြုလေသည်။ ထိုအခါ ကျောက်ဖျာကြီးမှာ အနည်းငယ်ထပ်၍ ပွင့်ဟသွားခဲ့ပြန်သည်။ သို့တိုင်အောင်လည်း ၄င်းတို့သုံးဦးမှာ အပြင်သို့မထွက်နိုင်သေးချေ။ ◘ တတိယပုဂ္ဂိုလ်ကလည်း... အိုအရှင်မြတ်အလ္လာဟ် ၀န်ထမ်းအချို့ကို ကျွန်တော်မျိုး ငှားရမ်းစေခိုင်းခဲ့ပါသည်။ ပြီးနောက် လုပ်အားခများကိုလည်း ချွေးမခြောက်မီပင် ၎င်းတို့ကျေနပ်အောင် ပေးချေခဲ့ပါသည်။ သို့ရာတွင် ၀န်ထမ်းတစ်ဦးမှာမူ မိမိလုပ်အားခကိုမယူဘဲ ထွက်သွားပြီးနောက်ပိုင်း ကာလတာရှည် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရပါတယ်။ ကျွန်တော်မျိုးသည် ဤလုပ်အားခငွေတို့ကို လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်ခဲ့ရာ အမြတ်အစွန်းများစွာ တိုးပွားခဲ့ပါသည်။ အချိန်ကာလအတော်ကြာသောအခါ တစ်နေ့ ထို ၀န်ထမ်းသည် ကျွန်တော်မျိုးထံသို့ ပြန်လည်ရောက်ရှိလာပြီး “အလ္လာဟ်အရှင်မြတ်ရဲ့ကျေးကျွန်ပီသစွာဖြင့် ကျနော့်အား ယခင်က ရရန်ရှိသော ကျနော်၏ လုပ်အားခငွေကိုပေးပါ”ဟု တောင်းရာ ကျွန်တော်မျိုးကလည်း ယခု အသင်မြင်နေရသောဝန်ထမ်းများ၊ ကုလားအုတ်များ၊ နွားများ၊ ဆိတ်များအားလုံးသည် အသင်၏ လုပ်အားခပင်ဖြစ်သည်။ ထို့ကြောင့် အသင် ယူဆောင်သွားနိုင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ထိုအခါ ယင်းဝန်ထမ်းက အိုသူဌေးမင်း ကျနော့်အား မကျီစယ်ပါနှင့်ဟုဆိုရာ ကျွန်တော်မျိုးကလည်း ကျီဆယ်နေခြင်းမဟုတ်ကြောင်းနှင့် ၎င်းရရှိမည့် လုပ်အားခအား မယူဆောင်သွားခြင်းကြောင့် ကျွန်ုပ် ရင်းနှီးမြှုပ်နှံ၍ စီးပွားထောင်ပေးခဲ့ပြီး ထိုစီးပွားမှ ယခုလို တိုးပွားလာခြင်းဖြစ်သောကြောင့် ဤအရာအားလုံးသည် သူ၏ပိုင်ဆိုင်မှု အမှန်ပင်ဖြစ်ကြောင်း၊ ကျီစယ်ခြင်းမဟုတ်ပါကြောင်း သဘောပေါက် နားလည်အောင် ရှင်းပြခဲ့ပါသည်။ ထိုအခါ မ၀ံ့မရဲဖြစ်နေသည့် ယင်းဝန်ထမ်းသည် ၎င်း၏ဥစ္စာပစ္စည်းများကို တစ်ခုမှ ချန်မထားဘဲ ပျော်ရွှင်စွာဖြင့် အကုန်ယူဆောင်၍ ပြန်သွားခဲ့ပါသည်။ “အို အလ္လာဟ်အရှင်မြတ် အကယ်၍ ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ်ကျေနပ်နှစ်သက်စေရန် အတွက်သာ ရည်စူး၍ ပြုကျင့်ခဲ့ခြင်းဖြစ်ပါသောကြောင့် မှန်ကန်သည့်သစ္စာစကားဖြစ်ပါက ကျွုန်တော်မျိုးတို့အား ဤခံစားနေရသော ဘေးဒုက္ခမှ ကယ်မတော်မူပါ”ဟု ဒိုအာ ဆုမွန် ပြုရာ ကျောက်ဖျာကြီးမှာ လုံးဝရွေ့လျား သွားခဲ့လေတော့သည်။ ဂူအ၀လည်း ပွင့်သွားခဲ့ပြီဖြစ်သောကြောင့် ၄င်းပုဂ္ဂိုလ်သုံးဦးစလုံးသည် ဂူအပြင်ဘက်သို့ ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့ကြပြီးနောက် လိုရာခရီးသို့ ဆက်သွားကြလေတော့သည်ဟု တမန်တော် မိုဟမ္မဒ် صلي الله عليه وسلم က မိန့်ကြားခဲ့သည်ကို ဗုခါရီဟဒီးဆ်ကျမ်းတွင် ဖော်ပြထားပေသည်။ ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့သူမှာ တပည့်သာဝကကြီး အဗ်ဒွလ္လာဟ်ဗင်န်အုမရ် رضي الله عنه ဖြစ်ပါသည်။ ဤဟဒီးဆ်ကို ဉာဏ်မီသလောက် သုံးသပ်ရမည်ဆိုသော် သစ္စာတရားသည် လူတိုင်းအတွက် အသက်ကယ်ဆေး ဖြစ်သည်။ ကတိသစ္စာတည်သော အခါဝယ် နွယ်မြတ်သစ်ပင် ဆေးဖက်ဝင်၏ ဟူသော မြန်မာစကားပုံပင် ရှိပေသေးသည်။ တဖန် မိဘများအား ဦးထိပ်ထားဖို့ အစ္စလာမ်ဘာသာက သွန်သင်ထားခြင်းကို ပြသထားပေသည်။ မိဘနှစ်ပါးအား ချစ်ခင် ရိုသေ ပြုစုတတ်သူဖြစ်ပါက အသက်ဘေးနှင့် ကြုံရသည့်အခါ မိဘနှစ်ပါးအား အကြောင်းခံ၍ အသက်ဘေး ကပင် လွတ်မြောက်သည့် လက်တွေ့အကျိုးများရှိကြောင်း ပြဆိုထားပေသည်။ လောကတွင် လူသားတိုင်း တပ်မက်ကြသည့် ကာမ ကိလေသာအား စောင့်ထိန်းရန် ပြဆိုထားခြင်းကိုလည်း မြင်တွေ့ရမည် ဖြစ်ပေသည်။ အစ္စလာမ်ဘာသာတွင် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းအား တင်းကျပ်စွာ ပိတ်ပင်ထားသည်။ ကျူးလွန်သူကိုလည်း ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ဖို့ ပြဌာန်းထားသည်။ မိမိစိတ်ဆန္ဒအား မလွန်ဆန်နိုင်တော့ပါက တရားဝင် အိမ်ထောင်ပြုကြရန်ကိုလည်း အလေးအနက် တိုက်တွန်းထားပေသည်။ နောက်ဆုံးတစ်ချက်ကတော့ မိမိလက်အောက်ငယ်သားများ၊ မိမိဝန်ထမ်းများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် ဆက်ဆံကြရမည်။ ကြင်နာသနားတတ်ရမည်။ စာနာထောက်ထားတတ်ရမည်။ ကျောသား ရင်သား မခွဲခြားဘဲ တပြေးညီ ဆက်ဆံရမည်။ လူတိုင်း၏ ရပိုင်ခွင့်ကို တိကျစွာ ပေးဆပ်ရမည်။ လိမ်လည်ခြင်း၊ လှည့်ဖျားခြင်း မပြုရဟူသော အစ္စလာမ့်အခြေခံ ပြဌာန်းချက်များအား အထက်ပါ ဟဒီးဆ်တွင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် ဟဒီးဆ်တော်အရ သိရသည်မှာ မွတ်စလင်မ်များသည် အစဉ်အမြဲ ကိုယ်ကျင့်တရားပြည့်စုံစွာဖြင့် နေထိုင်ကျင့် ဆောက်တည်ဖို့ လိုအပ်မည်ဖြစ်ပြီး၊ ပြုလုပ်သမျှ ကောင်းမှုတိုင်းသည် အလ္လာဟ်အရှင်မြတ် နှစ်သက်ဖို့ဆိုသည်ကိုသာ ဦးထိပ်ပန်ဆင်ထားရပေမည်။ အရေးကိစ္စကြုံလာသည့်အခါတိုင်းတွင်လည်း အလ္လာဟ်အရှင်မြတ်ကိုသာ အားကိုးရပေမည်။ အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းဆိုကြရပေမည်။ မိမိသည် ကောင်းမှုများကို အရှင်မြတ်နှစ်သက်ရန်ရည်စူး၍ လုပ်ခဲ့မည်ဆိုပါက အရေးကြုံလာပါက မုချဧကန် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီတောင်းခံနိုင်ပြီး အရှင်မြတ်ကလည်း သေချာပေါက် ကူညီထောက်ပံ့လိမ့်မည်ဖြစ်ကြောင်းများအား ဤဟဒီးဆ်အရ မြင်တွေ့နိုင်မည် ဖြစ်ပေသည်။ ♦ မှတ်ချက် ♦ ဟဒီးဆ်တော်များသည် လွန်စွာ ကျယ်ပြန့်နက်နဲလှပါသည်။ သာမန်လူသားဉာဏ်ဖြင့် လိုက်မီနိုင်မည်မဟုတ်ကြောင်း ၀န်ခံအပ်ပါသည်။ အမှားများ ပါရှိခဲ့မည်ဆိုပါက အပြုသဘောဆောင်၍ စေတနာဖြင့် ထောက်ပြခြင်းကို ကြိုဆိုနေပါတယ်။

Monday, May 13, 2013

အစ္စလာမ် ဆိုတာ

သူတော်စင်အပေါင်းတို့ခင်ဗျား............... ALLAH အရှင် လူသားကို ဖန်ဆင်းတော်မူခဲ့တာ ALLAH အရှင်အဖို့သာဖြစ်သည်။ လောကတွင်ရှိရှိသမျှ အရာတို့ကို ALLAHအရှင် ဖန်ဆင်းထားတာ လူသားအဖို့ဖြစ်တယ်။ အဲလိုပဲ.... လူသားကိုဖန်ဆင်းခဲ့တာကတော့ ALLAH အရှင်အတွက်သာဖြစ်တယ်။ ALLAH အရှင်ထံပါးမှ ရောက်ရှိလာတယ်၊ALLAH အရှင်ထံပါးသို့ပဲ ပြန်သွားရလိမ့်မယ်။ အဲဒီအထိ.... လူသားအားလုံး သဘောပေါက်တယ်။အီမာန်ရှင်မှန်ရင် နားလည်တယ်။ ယုံကြည်တယ် လို့လဲ ပြောလိမ့်မယ်။ ဒါပေမယ့်.... အဲဒီမှာ တစ်ခုက ALLAH အရှင်က လူသားကို ဘာအတွက် လောကကို စေလွှတ်လိုက်တာလဲ ဆိုတဲ့ မေးခွန်း ရှိနေတယ်။ ဘာအတွက်လဲ................. နေရာတွေ၊ကုလားထိုင်တွေ အတွက်လား၊ ဆွေမျိုးတွေကို အဆက်ဖြတ်ဖို့လား၊ စီးပွားရေးတွေ၊ကြီးပွားရေးတွေအတွက်လား ငါတစ်ယောက်ကောင်းစားရေးအတွက် တစ်ခြားသူတွေကို ပြသ၁နာရှာဖို့ အတွက်လား၊ မဟုတ်ပါဘူး...ခင်ဗျား လောကဟာခဏတာဖြစ်တယ်။လောကကိုစေလွှတ်လိုက်တာ ALLAH အရှင် အမိန့်ကို နာခံဖို့သာဖြစ်တယ်။ALLAH အရှင် အမိန့်တွေကို နာခံဖို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ အပြည့်အစုံ ပြထမ်းထားတော်မူတယ်။အဲတာတွေကို လိုက်နာဖို့ လူသားအားလုံးရဲ့ စံပြ နဗီတမန်တော်တွေရဲ့ ခေါင်းဆောင် တမန်တော်ချုပ် MOHANMAD(စွ)ကို ALLAH အရှင် စေလွှတ်တော်မူခဲ့တယ်။ အကြင်သူတစ်ဦးတစ်ယောက်ဟာ ALLAH အရှင် အမိန့်တော်တွေကို တမန်တော်မြတ်(စွ)ရဲ့ ပုံစံအတိုင်းကျင့်သုံးနေထိုင်မယ်ဆိုရင် ထိုသူ အောင်မြင်မှုရရှိလိမ့်မယ်။လောကမှာလဲအောင်မြင်မယ်၊အာခေရသ်မှာလဲ အောင်မြင်လိမ့်မယ်။ သေဆုံးသွားပြီးနောက် ALLAH အရှင်ထံရောက်ရှိသွားရင်လည်း မနက်ဖြန် ကေယာမသ်နေ့မှာလဲ ထိုသူ အပူအပင်ကင်းမဲ့စွာ နေနိုင်လိမ့်မယ်။အောင်မြင်မူက ISLAM မှာပဲရှိတယ်၊ ISALM ဆိုတာ ALLAH အရှင့် အမိန့်တိုင်းကို တမန်တော်မြတ်(စွ)ရဲ့စွန္နသ်နည်းသရိကာ အတိုင်းလျှောက်လှမ်းခြင်းပဲဖြစ်တယ်။ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ဟဒီးစ်တော်တွေက လမ်းပြဖြစ်တယ်။

786 ရှင်းလင်းချက်

၇၈၆ ရှင်းလင်းချက် ၇၈၆ တန်ဖိုးရှိ ဂဏန်းရရှိပုံကိုသိရန် အတတ်ပညာ နှစ်ခု အသိပညာတစ်ခု လိုအပ်ပါသည်။ ၁။ အရဗီအက္ခရာတို့၏ ဂဏန်းဖလှယ်ပုံ နံသင့်ဇယားကွက် ကို သိရမည်။ ပုံတွင် အရဗီ အက္ခရာတိုင်း၏ တန်ဖိုးများကို ဖော်ပြထားသည်။ 1.2.3.4.5.6.7.8.9.10.20.30.40.50.60.70.80.90.100.200.300.400.500.600.700.800.900.1000 ဟူ၍ ၂၈ လုံးရှိသည်။ ၂။ ၇၈၆ ဆိုသော တန်ဖိုးကို မည်သည့်အရာက ရရှိစေသနည်း။ မွတ်စလင်မ်တို့၏ ကျမ်းစာ ကုရ်အာန်ကျမ်းတော်မြတ်၏ အဖွင့် ဒေသနာတော် “ ဗိစ်မစ်လ်လာ ဟိရ်ရဟ်မာနစ်ရ်ရဟီးမ် “ ကို ဂဏန်းတန်ဖိုးဖလှယ်ရာမှ ရရှိသည်။ ၃။ အရဗ်တို့၏ ဂဏန်းတန်ဖိုးဖလှယ်ပုံမှာ မြန်မာတို့နှင့်မတူချေ။ အရဗီ အက္ခရာတို့၏ နံသင့်တန်ဖိုးများကို ပေါင်းရသည်။ “ ဗိစ်မစ်လ်လာ ဟိရ်ရဟ်မာနစ်ရ်ရဟီးမ် “ တွင် အရဗီ အက္ခရာ ၁၉ လုံးပါဝင်သည်။ ထို ၁၉ လုံးတို့၏ နံသင့်တန်ဖိုးများပေါင်းလျှင် ၇၈၆ ရသည်။ ခုနစ်ရာရှစ်ဆယ့်ခြောက် ဖြစ်ပါသည်။ ခွန် ရှစ် ခြောက် မဟုတ်ပါ။ Numerical value ဖြစ်ပါသည်။ Natural number များကို တန်းစီရေးခြင်းမဟုတ်ပါ။

Saturday, May 11, 2013

ရှဟီဒီ

ဘ၀ ပုံစံမှာအဆင့် ၅ဆင့် ရှိတယ်။ ပထမ အဆင့်ဘ၀ ကတော့ ကျုပ်တို့ အခု ကြုံနေရသလိုမျိုးပေါ့။တိကျတဲ့ ဘောင် ကန့်သတ်ချက်တွေနဲ့ စည်း သတ်မှတ်ထားခြင်းခံရတယ်။စားချိန်တန် စား၊ အိပ်ချိန်တန် အိပ်၊ စသည်ဖြင့်ပေါ့၊ နေရာတစ်ခုကို သွားဖို့အစီးအနင်း (ကား၊ ရထား) တို့ရဲ့ အကူအညီတွေ လိုတယ်။ သာမန် သူတွေရဲ့ ဘ၀ ပေါ့။ ဒုတိယ အဆင့်ဘ၀ ကတော့ ခိဇိရ် နဲ့ အိလိဂျာ တို့ရဲ့ ဘ၀ တွေထဲမှာ ထင်ရှား တွေ့ကြရတယ်။ ဒီ အဆင့် က သူတွေကျတော့ နေရာဒေသ အမျိုးမျိုးမှာ တစ်ချိန်တည်း ရှိနေကြတယ်။ဘောင် ကန့်မထားဘူး။ သူတို့က အာသာဆန္ဒ ကင်း နေကြတယ်။ သူတော်စင်တွေရဲ့ အတွေ့အကြုံတွေကဒီ အဆင့် ရှိနေမှုကို သက်သေ ထူနေတယ်။ ၀လီ သူတော်စင်တွေ နာမ်ပိုင်း ခရီးစဉ်မှာ ပေါက်မြောက် သွားခဲ့ရင် ခိဇိရ်နဲ့ တွေ့ဖွယ်ရှိပြီးသူ့ထံက တိုက်ရိုက် ညွှန်ကြားချက်ကို ရနိုင်သတဲ့။ တတိယအဆင့်ဘ၀ ကတော့ အီဆာနဗီ (ယေရူ ခရစ်) နှင့် အီလီယားစ် နဗီတို့ရဲ့ ဘ၀တွေမှာ ထင်ရှား တွေ့မြင်နိုင်ပါတယ်။လူ့ဘ၀ရဲ့ လိုအပ်ချက်တွေနဲ့ ကင်းလွတ်ပြီး ကောင်းကင်ဘုံမှာ ရှင်သန်နေကြတယ်။ ဘ၀ရဲ့ စတုတ္ထအဆင့် ဒီ အဆင့်ကတော့ “ရှဟီဒီ” ဆိုတဲ့သာသနာ့ အာဇာနည်တွေရဲ့ ဘ၀ ပဲ ဖြစ်တယ်။ ရိုးရိုးသေသွားတဲ့ သူတွေထက် ရှဟီဒီ တွေမှာ ပိုပြီး မြင့်မားတဲ့ ဘ၀ အဆင့်မျိုးရှိတယ်လို့ ကုရ်အာန်ကျမ်း တော်ထဲမှာပါရှိတယ်။ အနန္တ စွမ်းအားတော်ရှင်က သူတို့ တစ်တွေကို လောကီဘ၀နဲ့ ဆင်တူတဲ့ ကြားဘ၀ တစ်ခုကိုချီးမြှင့်ပေးထားတယ်။ သူတို့အတွက် ဒုက္ခဆင်းရဲဆိုတာ မရှိဘူး။ ရှဟီဒီတွေကသေခြင်းရဲ့ အရသာကို မခံစားကြရဘူး။ သူတို့ကိုယ် သူတို့ သေပြီ ဆိုတာတောင် မသိကြဘူး။ပိုမို ကောင်းမွန်တဲ့ ကမ္ဘာ တစ်ခုမှာ ပြောင်းရွှေ့ ရောက်ရှိနေပြီး လုံးဝ သုခချမ်းသာတွေ ရရှိ ခံစားနေရတယ်လိုပဲ သူတို့ ထင်နေကြတယ်။ ရိုးရိုးသေတဲ့ သူတွေက သူတို့သေနေတယ် ဆိုတာ ကို သိနေပေမယ့်ရှဟီဒီတွေကတော့ မသိကြဘူး။ (ဥပမာ ပြောရရင်- အိပ်မက် တစ်ခုမှာ လူ နှစ်ဦးက သုခဘုံ တမျှလှပတဲ့ နန်းတော် တစ်ခုထဲမှာ ရှိနေကြတယ်။ တစ်ဦးကတော့ နဲနဲပဲ ပျော်ရွှင်တယ်။ ဒါက အိပ်မက်ပဲလို့သူ သိနေလို့ပဲ။ အိပ်ရာက နိုးတာနဲ့ ပျောက်သွားမှာ မို့လို့ပေါ့။ ဒါပေမယ့် နောက်တစ်ဦး ကတော့ သူအိပ်မက် မက်နေပါလား ဆိုတာကို မသိဘူး။ အဲဒါကြောင့်အသားကုန် ပျော်ရွှင်နေနိုင်တယ်) ကြားခံဘ၀မှာရိုးရိုးသေသူတွေ ခံစားရတဲ့ သုခတွေက ရှဟီဒီတွေခံစားရတဲ့ သုခတွေနဲ့ နှိုင်းယှဉ်ရင် မဆိုစလောက်ပါပဲဗျာ။ ဘ၀ရဲ့ ပဉ္စမအဆင့်ကတော့ ရိုးရိုး သေသူတွေရဲ့ ၀ိညာဉ်လောကအဆင့်ပဲ ဖြစ်ပါတယ်။ သေသူတွေကကျုပ်တို့ကို အိပ်မက်ထဲမှာ လာဆက်သွယ်တာတို့၊ နိုးကြားနေချိန်မှာတောင် လာ ဆက်သွယ် တာတို့က ဒီဘ၀ရဲ့ သက်သေ တစ်ခုပေါ့။ အထက်ဖော်ပြပါများက တူရကီလူမျိုး အစ္စလာမ့် ပညာရှိကြီး “စအီးဒ် နူရ်စီ ” ရဲ့ “ရေစာလာအေ့နူ်းရ်”ကျမ်းကြီး ထဲမှာ ကောက်နုတ်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့အစ္စလာမ်မှာ သေတယ်ဆိုတာ “အမင်္ဂလာ” မဟုတ်ပါဘူး။တကယ်တော့ နေရာ ဌာန ပြောင်းသွားခြင်းပါ။ လောကီ တာဝန်တွေကနေ လူတစ်ဦး ကင်းလွတ်တာမျိုးပေါ့။ ထာဝရတည်နေမဲ့ ဘ၀ ကို ဖတ်ခေါ်မှုလို့လဲဆိုနိုင်ပါတယ်။ သေခြင်းဆိုတာလဲ မဟာ ကရုဏာတော်ရှင် အလ္လာဟ်ရဲ့ ကရုဏာ တွေထဲက တစ်ခုပါပဲ။ သေခြင်း သာမရှိရင် ကျုပ်တို့ အသက်အရွယ် အိုမင်းလာတာနဲ့ အမျှ ဘ၀ရဲ့ ခက်ထန် ကြမ်းတမ်းမှုကို ခံစားကြရမယ်လေ။ ကျုပ်တို့ မျက်စိ ရှေ့မှာတင်ပဲ မိဘတွေနဲ့အဖိုးအဖွားတွေက ရောဂါ အစုံစုံ၊ ဆင်းရဲ ဒုက္ခအဖုံဖုံနဲ့ နေကြ ရမှာပေါ့ဗျ။ ဒါကြောင့်သေခြင်းဆိုတာ ကောင်းချီး မင်္ဂလာ တစ်ပါး ပဲ။ အဲဒီ ထဲမှာမှ ရှဟီဒီ တွေရဲ့ သေခြင်းဆိုတာအမွန်မြတ်ဆုံးပဲပေါ့။ ရှဟီဒ် ဖြစ်သွားတဲ့ ကျွန်တော်တို့ရဲ့ညီနောင်တွေက သေဆုံး သွားခြင်းမဟုတ်ပါဘူး။ အရှင်မြတ်က သူတို့က ဒုက္ခတွေမရှိပဲ ပကတိ ပျော်ရွှင်မှု အပြည့်ရှိတဲ့ နေရာဌာန တစ်ခုကိုရွေ့ ပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။ သူတို့ ထာဝရ ရှင်သန်နေမှာပါ။ (အင်ရှာအလ္လာဟ်- တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ရှဟီဒီတွေကို အရှင်မြတ်မြင့်မားတဲ့ အဆင့်အတန်း ထားရှိတော် မှုပါစေ ။ အာမီန်း )

အဇားဗ်

မြို့ရွာ တခုကို အဇားဗ် လာတော့မယ်ဆိုရင် ပလီတွေကို စည်ကားအောင်ပြုလုပ်တဲ့ လူတွေကနေ အဇားဗ် ကရှောင်ပြီး သွားတယ် လို့ ဟဒီးစ်တော် တခုမှာလာရှိပါတယ်။ အဲဒိတော့ အဇားဗ်လာမယ်ဆိုရင် ဘာတွေလုပ်ရမယ်ဆိုတာပြောစရာ မလိုတော့ပါဘူး။ သူတော်စင် ကြီးတပါးက ပလီဝတ်ကျောင်းတော်မှာနေ့ညမပြတ် အေဗာဒတ် လုပ်နေပေမဲ့လဲ အဇားဗ် လာတော့ ကောင်းကင်တမန်က အရှင့်ကို လျှောက်ထားတယ် သူ့အပေါ်ကိုပါ အဇားဗ် ကျခံစေဖို့ အရှင်မြတ်က အမိန့်ပေးလိုက်တယ်။ ဖာစစ်က် တွေနဲ့ အတူ သူတော်စင်ပါ လောကမှာ အဇားဗ်ကိုခံလိုက်ရတယ်။ ဒါပေမဲ့ အာခိရတ်မှာတော့ ဖာစစ်က် နဲ့ သူတော်စင်ဟာ အဆင့်အတန်း ခြင်းတခြားဆီပါဘဲ။ အဇားဗ်ဆိုတာ အရှင့်အမိန့်ပါဘဲ။ ဘယ်သူကမှလွန်ဆန်လို့မရ သလို ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာကို လာမလဲ ဆိုတာ ဘယ်လူသားမှ တပ်အပ်မပြောနိုင်ပါဘူး။ အဲတော့ ကျနော်တို့တတွေက အရှင့်အမိန့်တွေကို နာခံပြီး နေသင့်ပါတယ်။ အဇားဗ် လာလို့ ကျနော်တို့ပါခံရမယ်ဆိုလဲ အရှင့်ရဲ့အလိုတော်ပါဘဲ။ နောင်အာခိရတ်မှာတော့ အဆင့်အတန်းခြင်းက ကာဖိရ် ဖာစစ်က် မုရှ်ရစ်က် တွေနဲ့ အီမာန်ရှင် မိုအ်မင်န် တွေနဲ့ တခြားဆီပါဘဲ။ အစ္စလာမ် က တဦးကောင်း တယောက်ကောင်း သာသနာမဟုတ်ပါဘူး။ အားလုံးအမိန့်နာခံမှသာ အရှင့်ရဲ့ အဇားဗ်ကနေ လွတ်ငြိမ်းခွင့်ရမှာပါ။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သာလျှင် အလုံးစုံကို ပြုလုပ်နိုင်တော်မူသော အရှင်ဖြစ်တော်မူသည်။ ( မွတ်စ်လင်မ်ညီနောင်များ အားလုံးကို အရှင့်အမိန့်ကို နာခံနိုင်တဲ့ သောင်ဖီးက် ချီးမြှင့်တော်မူပါစေ အာမီးန် )

ဂျီဟာဒ်ဟူသည်

ဂျီဟာဒ်ဟူသည် အစ္စလာမ်ဘာသာထဲ မ၀င်သော ဘာသာခြားများကို သုတ်သင် ရှင်းလင်းခြင်း လုံးဝ မဟုတ်ပါ။ ငြိမ်းချမ်းစွာပြုရသော ဂျီဟာဒ်သဘောတရားအရ ဘ၀တစ်လျှောက်လုံး မိမိ၏မတော် လောဘ၊ ဒေါသ၊ မောဟ၊ မာန စသည့် တရားများကို ချိုးနှိမ်ရန် အစွမ်းကုန် ကြိုးပမ်းခြင်း ဖြစ်သည်။ အကယ်၍ မိမိတိုင်းပြည်လူမျိုးကို သူတစ်ပါးကျူးကျော်စော်ကားပါက ခုခံစစ်သာဖြစ်ပါသည်။ရန်သူက ငြိမ်းချမ်းရေးကမ်းလှမ်းက လက်ခံရမည်ဖြစ်သည်။ ထို့အပြင် ကုရ်အာန် ၂၂း၄၀ အရ ဂျိဟာဒ်ဟူသည် ဘာသာတရားတို့၏ လွတ်လပ်စွာ ကိုးကွယ် ကျင့်သုံးခွင့် ကို အကာအကွယ်ပေးခြင်း၊ အကြမ်းဖက်ဝါဒကို ဆန့်ကျင်ခြင်းသာဖြစ်သည်။ (ကုရ်အာန် ၂၂း၄၀ ) အကြင်သူသည် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောဆိုကြခြင်းမှတစ်ပါး (မည်သည့်အကြောင်းမျှမရှိဘဲ) မတရားသဖြင့် မိမိတို့နေအိမ်များမှ နှင်ထုတ်ခြင်းကို ခံခဲ့ကြရရှာလေသည်။ စင်စစ်သော်ကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် လူတို့အား တစ်ဦးကိုတစ်ဦးဖြင့် ကာကွယ်တော်မူခြင်း မရှိပါမူ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်း များသည်လည်းကောင်း၊ ခရစ်ယာန်ဝတ်ကျောင်း များသည်လည်းကောင်း၊ ယဟူဒီဝတ်ကျောင်း များသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမံတော်များကို များပြားစွာရွတ်ဆိုလျက်ရှိသော မွတ်စ်လင်မ်တို့၏ဗလီ ဝတ်ကျောင်းများသည်လည်းကောင်း၊ ဖြိုဖျက်ခြင်း ခံကြရမည်အမှန်ပင်။ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုအရှင်မြတ်အား ကူညီသောသူကို မုချကူညီတော်မူမည် ဖြစ်ပေသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အင်အားပြည့်စုံတော်မူသောအရှင်၊ တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။