Wednesday, May 29, 2013

ဟဒီးစ်တော် တစ်ရပ်လာရှိတော်မူသည်......................

အသင်တို့အလျင် ခေတ်တစ်ခု၌ လူပုဂ္ဂိုလ်သုံးဦးရှိခဲ့သည်။ ၎င်းတို့သုံးဦးသား အတူတကွ ခရီးထွက်ခဲ့ကြသည်။ (ဤသို့သွားရင်း ညရောက်လာသောအခါ) စခန်းကျ တည်းခိုရန်အတွက် ဂူတစ်ဂူထဲသို့ ၀င်ရောက်ခဲ့ကြသည်။ ထိုအခိုက်တွင် တောင်ပေါ်မှ ကျောက်ဖျာကြီးတစ်ခု လျောကျလာပြီး ဂူဝအား ပိတ်ဆို့သွားခဲ့လေသည်။ ဤအခြေအနေကို ကြည့်ပြီး ၎င်းတို့သုံးဦးသည် ဤကျောက်ဖျာကြီး ပိတ်ဆို့ခံနေရမှုမှ လွတ်မြောက်ရန်အတွက် မိမိတို့ အသီးသီး ပြုခဲ့ကြသော ကောင်းမှုများကို အကြောင်းပြု၍ အလ္လာဟ်အရှင်မြတ်ထံ ဒိုအာ (ဆုမွန်) တောင်းကြရန် တိုင်ပင်ကြပြီးနောက် မိမိတို့ပြုခဲ့ကြသော ကောင်းမှုများကို တင်ပြတိုင်တည်၍ ဆုမွန်တောင်းခံကြလေတော့သည်။ ◘ ၎င်းတို့အထဲမှ တစ်ဦးသည်... (အိုအလ္လာဟ်) (အရှင်မြတ်သိတော်မူပါသည်။) ကျွန်တော်မျိုး၏ မိဘနှစ်ပါးသည် အသက်အရွယ် အိုမင်းရင့်ရော်နေပါသည်။ ကျွန်တော်မျိုးသည် မည်သည့်အခါမျှ ဤမိဘနှစ်ဦးထက်ဦး၍ မိမိ မိသားစုနှင့် အစေများကို ခြံမှထွက်သည့် နို့များကို မတိုက်ခဲ့ပါ။ တစ်နေ့တွင် ကျွန်တော်မျိုးသည် ပစ္စည်းတစ်ခုကို ရှာဖွေရင်း အဝေးသို့ ထွက်သွားခဲ့ရပါသည်။ ကျွန်တော်မျိုး အိမ်ပြန်ရောက်လာသောအခါ မိဘနှစ်ပါးစလုံးမှာ အိပ်ပျော်နေကြပြီဖြစ်ပါသည်။ ဤသည်ကို မသိရှိဘဲ ကျွန်တော်မျိုးသည် မိဘနှစ်ပါး သောက်သုံးရန် နို့များညှစ်၍ ယူလာမိသောအခါ မိဘတို့မှာ အိပ်မောကျနေဆဲဖြစ်ကြောင်း တွေ့ရပါသည်။ ကျွန်တော်မျိုးကလည်း မိဘတို့အား မနှိုးရက်သည်သာမက မိဘတို့မသောက်သုံးမီအလျင် မိသားစုနှင့် အစေခံများကို တိုက်ရန်လည်း ဆန္ဒမရှိခြင်းကြောင့် ကျွန်တော်မျိုးသည် ဤနို့ခွက်ကိုကိုင်ကာ မိဘတို့၏ ခေါင်းရင်းဘက်တွင်ရပ်ပြီး မိဘနှစ်ပါး နိုးထမည့် အချိန်ထိ စောင့်ဆိုင်းခဲ့ရာ နံနက် မိုးလင်းသည့်အခါမှသာ မိဘနှစ်ပါး နိုးထလာခဲ့ကြပါသည်။ ထိုအခါမှ ညကမသောက်ရသေးဘဲ ရှိနေသောနို့များကို မိမိ၏မိဘနှစ်ပါးအား တိုက်ကျွေးခဲ့ပါသည်။ “အိုအရှင်မြတ် ကျွန်တော်မျိုးသည် ဤအချင်းအရာအား အရှင်မြတ် ကျေနှပ်နှစ်သက်စေရန်အတွက်သာ ရည်စူး၍ ပြုလုပ်ခဲ့ခြင်းဖြစ်ရပါသည်။ ဤသစ္စာစကား မှန်ကန်ပါက ကျွန်တော်မျိုးတို့အား ဤကျောက်ဖျာ ပိတ်ဆို့ခံရမှုကြောင့် ခံစားနေရသောဒုက္ခမှ လွတ်မြောက်ခွင့် ချီးမြှင့်တော်မူပါ”ဟု တိုင်တည် ဒိုအာ ဆုမွန် ပြုလေသည်။ ဤဆုမွန်ကြောင့် ကျောက်ဖျာကြီးသည် အနည်းငယ် ပွင့်ဟသွားခဲ့သော်လည်း အပြင်သို့ ထွက်နိုင်လောက်သည်အထိတော့ ပွင့်မလာခဲ့ပေ။ ◘ ဒုတိယ ပုဂ္ဂိုလ်ကလည်း... အိုအရှင်မြတ် ကျွန်တော်မျိုးသည် ဦးလေး၏သမီး (တစ်ဝမ်းကွဲညီမ)အား လွန်စွာ ချစ်မြတ်နိုးခဲ့မိပါသည်။ (တစ်ကြိမ်တစ်ခါ၌) ကျွန်တော်မျိုးသည် မိမိ၏ကိလေသာဆန္ဒအား ဖြည့်ဆည်းရန်အတွက် ဆန္ဒစိတ် ပြင်းပြခဲ့သော်လည်း သူမသည် အခွင့်အရေးမပေးခဲ့ပါ။ သို့ရာတွင် တစ်ကြိမ်သောအခါ၌ မိုးခေါင်ရေရှား ကပ်ဆိုက် ရောက်လာလေရာ သူမသည် စီးပွားရေး မပြေလည်မှုကြောင့် ကျွန်တော်မျိုးထံသို့ အကူညီတောင်းရန် အခြေအနေသို့ ဆိုက်ရောက်လာ လေတော့သည်။ ကျွန်တော်မျိုးကလည်း သူမအား ရွှေဒဂါး(၁၂၀)ပေးရန်အတွက် အဖော်မပါဘဲ တစ်ဦးတည်းလာရန် ပြောလိုက်မိပါသည်။ ကျွန်တော်မျိုး မျှော်လင့်စောင့်စားခဲ့သော အခွင့်အရေးမှာ ဆိုက်ရောက်လာခဲ့ပြီဖြစ်၍ သူမသည် ကျွန်တော်မျိုး၏ လက်ခုပ်ထဲ၌ ကျွန်တော်မျိုးပြုသမျှ နုရတော့မည်အခြေအနေ ဖြစ်လာခဲ့ရပါသည်။ ကျွန်တော်မျိုးသည် မိမိစိတ်ဆန္ဒအား ဖြည့်ဆည်းရန် ပြင်ဆင်လိုက်စဉ် သူမက အသင်သည် ကျမ၏ အပျိုရည်ကို မတရား မသမာသောနည်းလမ်းဖြင့် ချေဖျက်ပစ်ရန် မလုပ်ဆောင်သင့်ပါ။ အသင့်အတွက် ဟလာလ် (တရားတော်၏ ခွင့်ပြုချက်) မဟုတ်ဟု ပြောပြလိုပါသည်။ သာသနာတော်က တားမြစ်ထားသည့် ကာမေသုမိစ္ဆာစာရကံအား မည်သည့်အခြေအနေပင်ဖြစ်နေဖြစ်နေ ကျူးလွန်သူကို အလ္လာဟ်အရှင်မြတ်က လွန်စွာ မုန်းတီးတော်မူပြီး အမျက်တော် စူးခြပါလိမ့်မည်ဟု သူမက ပြောဆိုခဲ့ပါသည်။ (ဤစကားကိုကြားပြီး) ကျွန်တော်မျိုးသည် (စိတ်ကောင်းသတိပြန်ဝင်လာပြီး) သူမအနီးမှ ခွဲခွာလိုက်သည်သာမက ရွှေဒင်္ဂါးများကိုလည်း အပြီးအပိုင် ပေးလိုက်ပြီး ပြန်၍ မတောင်းယူတော့ဘဲ သူမအား လွတ်မြောက်ခွင့် ပေးလိုက်ပါသည်။ “အိုအရှင်မြတ် ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ် ကျေနှပ်နှစ်သက်စေရန်အတွက် မကောင်းမှုအား စွန့်လွှတ်ခဲ့ရခြင်းဖြစ်ပါသည်။ ဤသစ္စာစကား မှန်ကန်ပါမူ ကျွန်တော်မျိုးတို့အား ခံစားနေရသည့်ဒုက္ခဘေးမှ လွတ်မြောက်မှု ပြုပေးတော်မူပါ”ဟု ဒိုအာ ဆုမွန် ပြုလေသည်။ ထိုအခါ ကျောက်ဖျာကြီးမှာ အနည်းငယ်ထပ်၍ ပွင့်ဟသွားခဲ့ပြန်သည်။ သို့တိုင်အောင်လည်း ၄င်းတို့သုံးဦးမှာ အပြင်သို့မထွက်နိုင်သေးချေ။ ◘ တတိယပုဂ္ဂိုလ်ကလည်း... အိုအရှင်မြတ်အလ္လာဟ် ၀န်ထမ်းအချို့ကို ကျွန်တော်မျိုး ငှားရမ်းစေခိုင်းခဲ့ပါသည်။ ပြီးနောက် လုပ်အားခများကိုလည်း ချွေးမခြောက်မီပင် ၎င်းတို့ကျေနပ်အောင် ပေးချေခဲ့ပါသည်။ သို့ရာတွင် ၀န်ထမ်းတစ်ဦးမှာမူ မိမိလုပ်အားခကိုမယူဘဲ ထွက်သွားပြီးနောက်ပိုင်း ကာလတာရှည် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရပါတယ်။ ကျွန်တော်မျိုးသည် ဤလုပ်အားခငွေတို့ကို လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှပ်နှံ၍ လုပ်ကိုင်ခဲ့ရာ အမြတ်အစွန်းများစွာ တိုးပွားခဲ့ပါသည်။ အချိန်ကာလအတော်ကြာသောအခါ တစ်နေ့ ထို ၀န်ထမ်းသည် ကျွန်တော်မျိုးထံသို့ ပြန်လည်ရောက်ရှိလာပြီး “အလ္လာဟ်အရှင်မြတ်ရဲ့ကျေးကျွန်ပီသစွာဖြင့် ကျနော့်အား ယခင်က ရရန်ရှိသော ကျနော်၏ လုပ်အားခငွေကိုပေးပါ”ဟု တောင်းရာ ကျွန်တော်မျိုးကလည်း ယခု အသင်မြင်နေရသောဝန်ထမ်းများ၊ ကုလားအုတ်များ၊ နွားများ၊ ဆိတ်များအားလုံးသည် အသင်၏ လုပ်အားခပင်ဖြစ်သည်။ ထို့ကြောင့် အသင် ယူဆောင်သွားနိုင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။ ထိုအခါ ယင်းဝန်ထမ်းက အိုသူဌေးမင်း ကျနော့်အား မကျီစယ်ပါနှင့်ဟုဆိုရာ ကျွန်တော်မျိုးကလည်း ကျီဆယ်နေခြင်းမဟုတ်ကြောင်းနှင့် ၎င်းရရှိမည့် လုပ်အားခအား မယူဆောင်သွားခြင်းကြောင့် ကျွန်ုပ် ရင်းနှီးမြှုပ်နှံ၍ စီးပွားထောင်ပေးခဲ့ပြီး ထိုစီးပွားမှ ယခုလို တိုးပွားလာခြင်းဖြစ်သောကြောင့် ဤအရာအားလုံးသည် သူ၏ပိုင်ဆိုင်မှု အမှန်ပင်ဖြစ်ကြောင်း၊ ကျီစယ်ခြင်းမဟုတ်ပါကြောင်း သဘောပေါက် နားလည်အောင် ရှင်းပြခဲ့ပါသည်။ ထိုအခါ မ၀ံ့မရဲဖြစ်နေသည့် ယင်းဝန်ထမ်းသည် ၎င်း၏ဥစ္စာပစ္စည်းများကို တစ်ခုမှ ချန်မထားဘဲ ပျော်ရွှင်စွာဖြင့် အကုန်ယူဆောင်၍ ပြန်သွားခဲ့ပါသည်။ “အို အလ္လာဟ်အရှင်မြတ် အကယ်၍ ကျွန်တော်မျိုးသည် ဤအမှုကိစ္စကို အရှင်မြတ်ကျေနပ်နှစ်သက်စေရန် အတွက်သာ ရည်စူး၍ ပြုကျင့်ခဲ့ခြင်းဖြစ်ပါသောကြောင့် မှန်ကန်သည့်သစ္စာစကားဖြစ်ပါက ကျွုန်တော်မျိုးတို့အား ဤခံစားနေရသော ဘေးဒုက္ခမှ ကယ်မတော်မူပါ”ဟု ဒိုအာ ဆုမွန် ပြုရာ ကျောက်ဖျာကြီးမှာ လုံးဝရွေ့လျား သွားခဲ့လေတော့သည်။ ဂူအ၀လည်း ပွင့်သွားခဲ့ပြီဖြစ်သောကြောင့် ၄င်းပုဂ္ဂိုလ်သုံးဦးစလုံးသည် ဂူအပြင်ဘက်သို့ ပျော်ရွှင်စွာဖြင့် ထွက်လာခဲ့ကြပြီးနောက် လိုရာခရီးသို့ ဆက်သွားကြလေတော့သည်ဟု တမန်တော် မိုဟမ္မဒ် صلي الله عليه وسلم က မိန့်ကြားခဲ့သည်ကို ဗုခါရီဟဒီးဆ်ကျမ်းတွင် ဖော်ပြထားပေသည်။ ဤဟဒီးဆ်ကို ဆင့်ပြန်ခဲ့သူမှာ တပည့်သာဝကကြီး အဗ်ဒွလ္လာဟ်ဗင်န်အုမရ် رضي الله عنه ဖြစ်ပါသည်။ ဤဟဒီးဆ်ကို ဉာဏ်မီသလောက် သုံးသပ်ရမည်ဆိုသော် သစ္စာတရားသည် လူတိုင်းအတွက် အသက်ကယ်ဆေး ဖြစ်သည်။ ကတိသစ္စာတည်သော အခါဝယ် နွယ်မြတ်သစ်ပင် ဆေးဖက်ဝင်၏ ဟူသော မြန်မာစကားပုံပင် ရှိပေသေးသည်။ တဖန် မိဘများအား ဦးထိပ်ထားဖို့ အစ္စလာမ်ဘာသာက သွန်သင်ထားခြင်းကို ပြသထားပေသည်။ မိဘနှစ်ပါးအား ချစ်ခင် ရိုသေ ပြုစုတတ်သူဖြစ်ပါက အသက်ဘေးနှင့် ကြုံရသည့်အခါ မိဘနှစ်ပါးအား အကြောင်းခံ၍ အသက်ဘေး ကပင် လွတ်မြောက်သည့် လက်တွေ့အကျိုးများရှိကြောင်း ပြဆိုထားပေသည်။ လောကတွင် လူသားတိုင်း တပ်မက်ကြသည့် ကာမ ကိလေသာအား စောင့်ထိန်းရန် ပြဆိုထားခြင်းကိုလည်း မြင်တွေ့ရမည် ဖြစ်ပေသည်။ အစ္စလာမ်ဘာသာတွင် ကာမေသုမိစ္ဆာစာရကံ ကျူးလွန်ခြင်းအား တင်းကျပ်စွာ ပိတ်ပင်ထားသည်။ ကျူးလွန်သူကိုလည်း ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ဖို့ ပြဌာန်းထားသည်။ မိမိစိတ်ဆန္ဒအား မလွန်ဆန်နိုင်တော့ပါက တရားဝင် အိမ်ထောင်ပြုကြရန်ကိုလည်း အလေးအနက် တိုက်တွန်းထားပေသည်။ နောက်ဆုံးတစ်ချက်ကတော့ မိမိလက်အောက်ငယ်သားများ၊ မိမိဝန်ထမ်းများအပေါ် မိသားစုစိတ်ဓာတ်ဖြင့် ဆက်ဆံကြရမည်။ ကြင်နာသနားတတ်ရမည်။ စာနာထောက်ထားတတ်ရမည်။ ကျောသား ရင်သား မခွဲခြားဘဲ တပြေးညီ ဆက်ဆံရမည်။ လူတိုင်း၏ ရပိုင်ခွင့်ကို တိကျစွာ ပေးဆပ်ရမည်။ လိမ်လည်ခြင်း၊ လှည့်ဖျားခြင်း မပြုရဟူသော အစ္စလာမ့်အခြေခံ ပြဌာန်းချက်များအား အထက်ပါ ဟဒီးဆ်တွင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် ဟဒီးဆ်တော်အရ သိရသည်မှာ မွတ်စလင်မ်များသည် အစဉ်အမြဲ ကိုယ်ကျင့်တရားပြည့်စုံစွာဖြင့် နေထိုင်ကျင့် ဆောက်တည်ဖို့ လိုအပ်မည်ဖြစ်ပြီး၊ ပြုလုပ်သမျှ ကောင်းမှုတိုင်းသည် အလ္လာဟ်အရှင်မြတ် နှစ်သက်ဖို့ဆိုသည်ကိုသာ ဦးထိပ်ပန်ဆင်ထားရပေမည်။ အရေးကိစ္စကြုံလာသည့်အခါတိုင်းတွင်လည်း အလ္လာဟ်အရှင်မြတ်ကိုသာ အားကိုးရပေမည်။ အလ္လာဟ်အရှင်မြတ်ထံတော်တွင်သာ တောင်းဆိုကြရပေမည်။ မိမိသည် ကောင်းမှုများကို အရှင်မြတ်နှစ်သက်ရန်ရည်စူး၍ လုပ်ခဲ့မည်ဆိုပါက အရေးကြုံလာပါက မုချဧကန် အလ္လာဟ်အရှင်မြတ်ထံမှ အကူအညီတောင်းခံနိုင်ပြီး အရှင်မြတ်ကလည်း သေချာပေါက် ကူညီထောက်ပံ့လိမ့်မည်ဖြစ်ကြောင်းများအား ဤဟဒီးဆ်အရ မြင်တွေ့နိုင်မည် ဖြစ်ပေသည်။ ♦ မှတ်ချက် ♦ ဟဒီးဆ်တော်များသည် လွန်စွာ ကျယ်ပြန့်နက်နဲလှပါသည်။ သာမန်လူသားဉာဏ်ဖြင့် လိုက်မီနိုင်မည်မဟုတ်ကြောင်း ၀န်ခံအပ်ပါသည်။ အမှားများ ပါရှိခဲ့မည်ဆိုပါက အပြုသဘောဆောင်၍ စေတနာဖြင့် ထောက်ပြခြင်းကို ကြိုဆိုနေပါတယ်။

No comments:

Post a Comment